Home » » ဗုဒ္ဓသာသနာ အညစ်အကြေးများ

ဗုဒ္ဓသာသနာ အညစ်အကြေးများ

Written By Unknown on Tuesday, April 28, 2015 | April 28, 2015



ဗုဒ္ဓသာသနာကို ညှိုးမှိန် ကွယ်ပျောက်စေနိုင်သော အညစ်အကြေများကို ပုဂံခေတ် တန္တရအနွယ်ဝင် အရည်းကြီးတို့က မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များအတွက် ထုနှင့် ထည်နှင့် ထားခဲ့ကြပေသည်။ ထိုအရည်းကြီးတို့၏ အလေ့အကျင့်များမှာ-

ထိမ်းမြားမင်္ဂလာပြုအံ့သော အမျိုးသမီးတို့၏ ပန်းဦးလွှတ်ခြင်းဟူသော အပူဇော်ကို ခံယူခြင်း၊ မြင်းမွေးခြင်း၊ မြင်းစီးခြင်း၊ လက်ဝှေ့ သတ်ခြင်း၊စုန်းကဝေအတတ်တို့ကို လေ့လာခြင်း၊ ဗေဒင်ဟောခြင်း၊ ဆေးကုသခြင်း၊ နတ်ပူဇော်ပသခြင်း၊ ၀ိဇ္ဇာမဟိဒ္ဓိအတတ်ကို လိုက်စားခြင်း၊ သိုက်၊ တဘောင်၊ စနည်း၊ ဘဝေါ၊ အတိတ်နိမိတ်တို့ကို ယုံကြည်လိုက်နာခြင်းတို့ ဖြစ်ပေသည်။

ဖော်ပြပါ အလေ့အကျင့်များအနက် ၀ိဇ္ဇာမဟိဒ္ဓိခေါ် ထွက်ရပ်လမ်းကို လိုက်ခြင်း၊ ဗေဒင်နက္ခတ်ကို အလေးထားယုံကြည်ခြင်း၊ နတ်ပူဇော်ပသခြင်းများကား ယခုအချိန်ထိ မြန်မာဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့၏ အားကိုးလေးစားမှုကို ရရှိတုန်းပင် ရှိသေးသည်။ ထိုတွင် ထွက်ရပ်ဝိဇ္ဇာပညာအကြောင်းကို ဦးစွာတင်ပြရပေမည်။

အဘယ့်ကြောင့်ဆိုသော် ၄င်းပညာကို လူပုဂ္ဂိုလ်များထက် ဘုရားသားတော် ရဟန်းများက အများဆုံး လိုက်စားနေသောကြောင့်ပါတည်း။

“သံသာရ၀ဋ္ဋ ဒုက္ခတော မောစနတ္ထာယ” သံသရာတည်းဟူသော ၀ဋ်ဆင်းရဲမှ ထွက်မြောက်ပါရခြင်းအကျိုးငှာ ဟုဆို၍ ရဟန်းပြုလာကြသော သံဃာတော်တချို့သည် သံသရာဝဋ်ဆင်းရဲ၌ လည်သထက် လည်စေသော ၀ိဇ္ဇာထွက်ရပ်လမ်းကို အဘယ်ကြောင့် ဤမျှလောက် လိုက်စားနေကြပါသနည်း။ ၀ိဇ္ဇာထွက်ရပ်လမ်း၏ အမြင့်ဆုံးအကျိုးကျေးဇူးကား အဘယ်တို့ပါ နည်း။ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မည်ကဲ့သို့သော ကွာခြားချက်များ ရှိပါသနည်း။ ဖော်ပြပါမေးခွန်းတို့၏ အဖြေများသည် ဖော်ပြလတ္တံ့သော ထွက်ရပ်လမ်း ၀ိဇ္ဇာကျင့်စဉ်များကို သုံးသပ်ပြရင်းဖြင့် ပါသွားပါလိမ့်မည်။

ပိုးလောက်လန်းများသည် ခြင်ကောင်ဖြစ်ခါနီးသောအခါ တစ်နေရာတွင် ငြိမ်သက်စွာနေကြရသည်။ ထိုအခါ ကိုယ်ပေါ်တွင် အမြှေးပါးကလေးများ ဖုံးအုပ်လာသည်။ အမြှေးပါးကလေးများ လုံလုံခြုံခြုံဖြစ်သည်နှင့်ပိုးလောက်လန်းသည် အရည်ဘ၀သို့ ပြောင်းလဲသွားရသည်။ အရည်ဘ၀မှ တစ်စတစ်စမာကျောပြီး အတောင်၊ ခြေ၊ လက်များ ထွက်လာကာ ခြင်ကောင်ဘ၀သို့ ရောက်ရှိပါတော့သည်။ ယင်တို့လိပ်ပြာတို့လည်း ထိုနည်း၎င်းပင်ဖြစ်သည်။ ဤကား အင်းဆက်ပိုးတို့၏ ဗီဇလက္ခဏာပင် ဖြစ်သည်။

ထိုအင်းစက်ပိုးတို့၏ ဗီဇလက္ခဏာကိုကြည့်၍ ဉာဏ်သွားသော လူတစ်ချို့က လူသားများသည်လည်း ပိုးလောက်လန်းလို ဖိုဝင်နိုင်လျှင် ပိုးလောက်လန်းများက ကောင်းကင်ပျံနိုင်သော ခြင်၊ ယင်၊ လိပ်ပြာဖြစ်သကဲ့သို့လူသားများသည်လည်း သိဒ္ဓိပေါက် ပုဂ္ဂိုလ်ဖြစ်နိုင်သည် ဟူသောအတွေးကိုအစပြု၍ ဖိုဝင်သော ထွက်ရပ်
လမ်းအကျင့်သည် စတင်ပေါ်ပေါက်ခဲ့ရပေသည်။ ရာဇ၀င်တွင်လည်း ဗျတ်ဝိ၊ ဗျတ္တတို့ မီးကင်စားသော လူသားသည် ဇော်ဂျီဖိုဝင်သားဟု ဆိုကြသည်။

ဆင်ဖြူရှင် မင်းတရားလက်ထက် သက္ကရာဇ် ၉၂၈ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက်၊ သောကြာနေ့၊ ဟံသာဝတီမြို့ဝန်းကျင်ကို ကျုံးစတင်တူးရာက မြေအောင်းဇော်ဂျီကို ရခဲ့ဖူးသည်။ ဖိုဝင်ခြင်းကလည်း အမျိုးစုံရှိသည်။ မြေအောင်းတာရှိသလို အမြှေးဖုံးခြင်း၊ ရေနွေးပွက်ပွက်ဆူကို ချိုးခြင်း၊ မီးပုံတွင်းဆင်းခြင်းဟူ၍ အမျိုးမျိုးရှိသည်။ ဖိုအောင်းခြင်းမရှိဘဲ ပြဒါးကိုသိဒ္ဓိသွင်းပြီး အောင်မြင်သွားသော ပြဒါးဝိဇ္ဇာ၊ သံကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားသော သံဝိဇ္ဇာ၊ ဆေးစီရင်ပြီး အောင်မြင်သွားသော
ဆေးဝိဇ္ဇာ၊ အင်းချ အောင်မြင်သွားသော အင်းဝိဇ္ဇာ၊ မန္တာန်ရွတ်ဆိုအောင်မြင်သွားသော မန္တာန်ဝိဇ္ဇာဟု ငါးမျိုးရှိသေးသည်။

လယ်တီဆရာတော်၏ ၀ိဇ္ဇာမဂ္ဂဒီပနီကျမ်းတွင် လောကီ၊ လောကုတ္တရာရော၍ ငါးမျိုးသီးသန့် ပြထားပါသေးသည်။ ယင်းတို့မှာ -

ဗေဒင်လေးမျိုးတတ်သော ဗေဒ၀ိဇ္ဇာ လက္ခဏာကျမ်း၊ နိမိတ်ကျမ်း၊ ဂါထာ၊ မန္တရား၊ ဆေးဝါး အမျိုးမျိုးတတ်သော မန္တ၀ိဇ္ဇာ ပြဒါး၊ သံ၊ ဆေး၊ အင်း၊ မန္တာန်အမျိုးမျိုး သိဒ္ဓိပေါက်သော ဂန္ဓာရီဝိဇ္ဇာ လောကီဈာန်များ ရရှိသော လောကီယ၀ိဇ္ဇာ အရိယာအဖြစ်သို့ရောက်သွားသော အရိယာဝိဇ္ဇာ တို့ဖြစ်သည်။

ထွက်ရပ်လမ်းလိုက်သော ပုဂ္ဂိုလ်တို့ထင်သလို ထွက်ရပ်လမ်းအောင်မြင်သွားတိုင်းလည်း စိတ်ချမ်းသာကြရသည် မဟုတ်ပေ။ သူ့ထက်သူ လူစွမ်းကောင်းဟူသော စကားအတိုင်း မိမိထက်သာသောသူများ၏ အခိုင်းအစေကို ခံကြရပေသည်။

“ ငါတို့ကို အားမကျကြနဲ့၊ သူများကိုကယ်တင်တာ အရိယာအဖြစ်နဲ့ နိဗ္ဗာန်ဝင်ရမယ်ထင်ပြီး ဂန္ဓာရီလမ်းလိုက်ခဲ့မိတာ မှားကုန်ပြီ။ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ခုတော့ သူတို့ခိုင်းတာလုပ်နေရတယ်။ မိမိထက်ကြီးသော တန်ခိုးရှင်ကြီးများ ခိုင်းတာလုပ်နေရတယ်၊ မင်းတို့မမှားကြလေနဲ့”

ဤကားစိတ်နှလုံးဖြူစင်သော ထွက်ရပ်ပေါက် ၀ိဇ္ဇာဓိုရ်ကြီးများက ထွက်ရပ်ပေါက် လမ်းမှားကို လိုက်မိနေကြရှာသော ပုဂ္ဂိုလ်များအား သတိပေးစကားပြောကြားချက် အချို့ပင် ဖြစ်ပါသည်။ စိတ်နှလုံးဖြူစင်သော ထွက်ရပ်ပေါက် ၀ိဇ္ဇာဓိုရ်ကြီးများဟု ဆိုထားရာ စိတ်နှလုံးမဖြူစင်သော ထွက်ရပ်ပေါက် ၀ိဇ္ဇာဓိုရ်ကြီးများ ရှိနေသေးသလားဟု မေးလာပါက ရှိနေသည်ဟုဖြေရပါမည်။

ရှိပုံကို ကိုယ်တိုင်ကျင့်ကြံ အားထုတ်ပြီးမှ အရိယာဝိဇ္ဇာ မဂ္ဂဒီပနီကျမ်းကို ရေးသားတော်မူသော သိမ်တော်ကြီးတောရဆရာတော်ကြီးက အောက်ပါအတိုင်း ရေးသား သတိပေးတော်မူခဲ့ပါသည်။

လောကီဝိဇ္ဇဓိုရ်ကြီးများသည် သူတို့၏ ရုပ်ပြောင်းရုပ်လွဲ တန်ခိုးအမျိုးမျိုးပြ၍ နဂါးကို ဂဠုန်သုတ်သကဲ့သို့ အုံပြုတ်အောင် စုပ်ယူနေကြသည်။ အရိယာဝိဇ္ဇာအစစ် မဖြစ်ကြသေးသည့်အတွက် စိတ္တ၀ိပလ္လာသ ဖုံးအုပ်နေကြသောကြောင့် ခံနေကြရပေသည်။ သို့အတွက် အရိယာဝိဇ္ဇာအစစ် သောတပန်စသည်ဖြစ်အောင် အား
ထုတ်ကြကုန် သူတော်ကောင်းအပေါင်းတို့။

ဝိပဿနာတရား အားထုတ်နေကြသောပုဂ္ဂိုလ်များ မဂ္ဂင်လမ်းမှ လွဲသွားအောင်နိမိတ်ပုံအမျိုးမျိုးပြ၍ ဖျက်ဆီးနေကြခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဤသတိပေးစကားကို လက်တွေ့ တရားအားထုတ်နေကြသော ပုဂ္ဂိုလ်များက ပို၍ သဘောပေါက်နိုင်ပါသည်။ တစ်ခါက ကမာရွတ်မှ ယောဂီအမျိုးသမီးကြီးတစ်ဦး ၀ိပဿနာတရားကို ထိထိရောက်ရောက် အားထုတ်လျက်ရှိစဉ် တစ်ရက်တွင် တရားထိုင်ရင်း

ကျောင်းကန်ဘုရားမျိုးစုံ အာရုံထဲထင်လာသည်။ ကျောင်းကန်ဘုရားပုံများ ထင်ပြီးနောက် ၀တ်ဖြူစင်ကြယ်တစ်ဦး ပေါ်လာကာ ကျောင်းကန်ဘုရားပြုပြင်သော သာသနာပြုအလုပ်ကို ဦးဆောင်လုပ်ရန် မိမိကလည်း ကူညီမည်ဖြစ်ကြောင်း ပြောဆိုကာ ပျောက်ကွယ်သွားခဲ့လေသည်။ ထိုအခါ ယောဂီအမျိုးသမီးကြီးမှာ မိမိကိုယ်ကို တကယ့်သာသနာပြုပုဂ္ဂိုလ်ကြီးအဖြစ် အထင်ကြီးသွားပြီး ၀ိပဿနာကို ဆက်မလုပ်တော့ဘဲ မယ်တော်ကြီးအမည်ခံကာ ဘုရားတည်ကျောင်းဆောက်ရင်း ဘ၀ကိုပျော်မွေ့ နေလေတော့သည်။

ဘုရားတည်၊ ကျောင်းဆောက်အလုပ်ကရော ကုသိုလ်အလုပ် မဟုတ်ဘူးလားဟုဆိုပါက ဟုတ်ပါသည်။ သို့သော် ဘုရားတည်ကျောင်းဆောက်သော ဒါနကုသိုလ်သည် သာသနာပမှာလည်း ရနိုင်သော သာမာန်ကုသိုလ်မျိုးသာဖြစ်သည်။
ဝိပဿနာတရား အားထုတ်၍ရရှိသော မဂ်ကုသိုလ်သည်ကား ဘုရားရှင်၏ သာသနာတွင်းမှသာ ရနိုင်သောမြင့်မြတ်ခဲယဉ်းလှသည့် သဘောမျိုးဖြစ်သည်။

ရွှေနှင့်တူသော မဂ်ကုသိုလ်ရရှိမည့်လမ်းမှ ကြေးနှင့်တူသော ဒါနကုသိုလ်ကို လမ်းလွှဲပေးလိုက်ခြင်းသာဖြစ်သည်။ စာရေးသူ၏ မိခင်ကြီးတရားထိုင်နေစဉ် တစ်ခါကလည်း ဘုရားစင်ပေါ်မှ ကန်တော့ပွဲပေါ်တွင် ၀တ်ဖြူစင်ကြယ်တစ်ဦး ပေါ်လာခဲ့သည်။ ဘုရားကိုကပ်လှူသော ကန်တော့ပွဲကို သူတို့အား လှူထားသည်အထင်နှင့် ပေါ်လာခြင်း ဖြစ်သည်။ တရားနာ၊ တရားထိုင် ရင့်နေပြီဖြစ်သော မိခင်ကြီးက ထိုပုဂ္ဂိုလ်စကားအပြောကိုပင် မစောင့်တော့ဘဲအာရုံကို ဖျောက်ပစ်လိုက်ပါသည်။

လက်မခံမှန်းသိသဖြင့် နောက်ထပ်ပေါ်မလာတော့ကြောင်း စာရေးသူအား လျှောက်ထားဖူးပါသည်။ သိမ်တောင်ဆည်ကြီး တောရဆရာတော် မိန့်တော်မူသကဲ့သို့ပင် သောတပန် မဖြစ်သေးသရွှေ့ သာသနာဖျက်ဆီးလိုသူ ပုဂ္ဂိုလ်မျိုးစုံတို့၏ ဖြားယောင်း သွေးဆောင် လှည့်ပတ်ခြင်းကို ခံနေကြဦးမည်သာ ဖြစ်သည်။ သို့အတွက် ယခုလို ၀ိမုတ္တိယုဂခေတ်ကြီးတွင် မိမိကသာ လိုလိုချင်ချင်နှင့် တကယ်အားထုတ်ဖို့ လိုပါသည်။ တရားမှန်၊ ဆရာမှန်များများစွာ ပေါ်ထွန်းနေလေပြီ။

ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်တော်ကို ယုံကြည်သောသူမှန်သမျှကို ယခုဘ၀၌ပင် မဂ်ဖိုလ်ကို မရရအောင်အားထုတ်သင့်ကြောင်း တောင်လေးလုံး ဆရာတော်ဦးမေဓာဝီက ယခုကဲ့သို့ ဥပမာပေးတော်မူခဲ့ပါသည်။

ယခုဘ၀ထဲ၌ မဂ်ဖိုလ်ရမည် မရမည်ကို သံသယရှိခဲ့လျှင် ဆရာမပြ၍လည်းကောင်း၊ နည်းမရ၍လည်းကောင်း ဖြစ်မည်။ ဆရာပြ၍ နည်းရလျက်ပင် ယခုဘ၀တွင် မဂ်ဖိုရမည်လော၊ မရမည်လော သံသယရှိခဲ့လျှင် မြတ်စွာဘုရား၏ သဗ္ဗညုတ ဉာဏ်တော်ကို မယုံသောသူဟု မှတ်ရမည်။ အကျင့်ညစ်လျှင် သံသရာ၌ နစ်မြဲဖြစ်သည်။

သံဝေဂမိမိ၊ သတိရရဖြင့်ယခုဘ၀၌ပင် မဂ်ဖိုလ်ပြီးမြောက် နိဗ္ဗာန်သို့ရောက်အောင် လုံ့လပြုသင့်သည်။ သတိနှင့်မကွာ ပညာနှင့်တကွ ကိုယ်ကျိုးရှိအောင် အစဉ်ထာဝ ရကျင့်ကြံသင့်သည်။

တောင်လေးလုံးဆရာတော်ကြီး တိုက်တွန်းသကဲ့သို့ ပိပဿနာတရားကို ကြိုးစား အားထုတ်နေမည်ဆိုလျှင် ကောင်းကျိုးအနန္တသာ ရစရာရှိပါသည်။ အကျိုးယုတ်စရာမရှိပေ။ သီလက္ခန် အဋ္ဌကထာ ၁၇၁၊ ၁၇၂ ၌ ကြိုးကြိုးစားစား တရားအားထုတ်ကြသောသူများသည် -

၁။ ပထမအရွယ်၌ တရားရနိုင်သည်။
၂။ ပထမအရွယ်၌မရလျှင် ဒုတိယအရွယ်၌ ရနိုင်သည်။
၃။ ဒုတိယအရွယ်၌မရသေးလျှင် သေခါနီးအခါ၌ တရားထူးရနိုင်သည်။
၎။ သေသည်အထိ တရားထူးမရလျှင် နတ်ပြည်ရောက်က ရနိုင်သည်။
၅။ နတ်ပြည်ရောက်မှ တရားမရဘဲ ဘုရားမပွင့်သောအခါ၌ လူဖြစ်ခဲ့လျှင် ပစ္စေကဗုဒ္ဓါ ဖြစ်ရသည်။
၆။ ပစ္စေကဗုဒ္ဓါမဖြစ်ခဲ့လျှင် ပွင့်တော်မူလတံ့သော ဘုရားရှင်တို့၏ မျက်မှောက်မှာပင် ဗာဒိယဒါရုစိရိယရဟန်းကဲ့သို့လျှင်မြန်စွာ အရဟတ္တဖိုလ်ကိုရသော ခိပ္ပဘိညရဟန္တာဖြစ်ရသည်။

ဟု တိတိကျကျ ဖွင့်ပြထားရာ မိမိကိုယ်တိုင်ကသာ ကြိုးကြိုးစားစား အားထုတ်ဖြစ်ဖို့လိုပါသည်။ အားထုတ်၍ သောတပန်တည်ပြီ ဆိုလျှင်ကား မည်သို့သော တန်ခိုးရှင်၏ လှည့်ပတ်ဖြားယောင်းမှုကိုမှ ခံရလိမ့်မည် မဟုတ်ပေ။


အရှင်ဇဝန
(မျက်ရည်မကျခင်သိစေချင် မှ)

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation