Home » » ဟင်္သာလိုကမလား ဒေါင်းလိုကမလား

ဟင်္သာလိုကမလား ဒေါင်းလိုကမလား

Written By Unknown on Tuesday, June 3, 2014 | June 03, 2014



https://www.facebook.com/World0fWisdom
တောအုပ်ကြီးတစ်နေရာမှာ ငှက်တို့ရဲ့ဘုရင် ဟင်္သာငှက်မင်းဟာ သမီးတော်ဟင်္သာငယ်လေးအတွက် ကြင်ဖော်ရွေးပွဲကျင်းပပါတယ်။ သမီးတော်လေးအား ခါ၊ ကြိုးကြာ၊ ဇီးကွက်၊ ဒေါင်း၊ ကျီးကန်းစသည်ငှက်များစွာထဲမှာ နှစ်သက်ရာငှက်ကို ကြင်ဖော်အဖြစ်ရွေးစေပါတယ်။ အဲဒီအခါမှာ သမီးတော်လေးဟာ ငှက်အပေါင်းကို လှမ်းမြော်အကဲခက်ကြည့်လိုက်ပါတယ်။ အဲထဲမှာ အမွေးအတောင် အရောင်အသွေးအလွန်လှပတင့်တယ်နေတဲ့ ဒေါင်းငှက်ကို အာရုံစိုက်မိပြီး သူ့ကို ကြင်ဖော်အဖြစ်ရွေးချယ်တဲ့အကြောင်း ဖခင်ငှက်မင်းကို ပြောလိုက်ပါတယ်။
ငှက်အားလုံးဟာ အားလုံးထဲကမှ ကြင်ဖော်အဖြစ်အရွေးခံရတဲ့ ဒေါင်းငှက်ကို ၀မ်းမြောက်စကားဆိုကြ၊ ကောင်းချီးပေးကြပါတယ်။

 ဒေါင်းငှက်လည်း ငှက်အားလုံးရဲ့အလယ်မှာ ကိုယ့်ကိုယ်ကို အရမ်းကိုဂုဏ်ယူရွှင်မြူးနေပြီး ဣနြေ္ဒမဆည်နိုင်တော့ပဲ အတောင်ကို ဖြန့်ကားလျှက် ကပါတော့တယ်။ အဲဒီမှာ ပြဿနာစတော့တာပါပဲ။ နေရာဌာနကို သတိမထား၊ စိတ်လွတ်ကိုယ်လွတ် မဆင်မခြင်ကလိုက်ခြင်းဟာ ငှက်အားလုံးရဲ့အလယ်မှာ မပြသင့်တာကို ပြလိုက်သလိုဖြစ်သွားပါတော့တယ်။ ဒါနဲ့ ငှက်ဘုရင်ဟင်္သာမင်းဟာ စိတ်ပျက်စွာပဲ ငှက်အားလုံးကို ကြေညာပါတော့တယ်။

“ငှက်အပေါင်းတို့ နားထောင်ကြလော့..၊ သင်တို့ရဲ့အလယ်မှာကနေတဲ့ ဒေါင်းငှက်ဟာ အမွေးအတောင်စသည် အလွန်လှပပေမယ့် ပရိသတ်အလယ်မှာ အရှက်အကြောက်ကင်းမဲ့စွာ မပြသင့်တာကို ပြနေတယ်။ ဒီလို အရှက်ကင်းမဲ့တဲ့ ငှက်မျိုးကို ငါ့သမီးတော်နဲ့ ဘယ်နည်းနဲ့မှ မပေးစားနိုင်ပါ။ ဒါကြောင့် ငါ့သမီးတော်ကို လှပြီး ဣနြေ္ဒသိက္ခာရှိတဲ့ တူတော်မောင်ဟင်္သာငှက်နဲ့ပဲ ပေးစာပါတယ်။”
အဲဒီလိုကြေညာလိုက်တဲ့အဆုံးမှာပဲ ဒေါင်းငှက်ဟာ အရှက်ကြီးရှက်ကာ မျက်နှာမပြရဲတော့ပဲ ငှက်အားလုံးနဲ့ဝေးရာကို ထွက်ပြေးသွားပါတော့တယ်။
လူတွေမှာ အရှက်အကြောက်တရားဟာ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် သူ့ကို လောကကို စောင့်ရှောက်နေတဲ့တရားလို့ဆိုပါတယ်။ လူတွေဟာ အရှက်အကြောက်ကင်းမဲ့လာပြီဆိုရင် ဒေါင်းငှက်လိုပဲ မပြသင့်တာတွေ ဖော်ပြလာပါတယ်။ မလုပ်သင့်တာတွေ လုပ်လာကြပါတယ်။
သင်္ကြန်ကာလမှာ ဟင်္သာလို သိက္ခာရှိရှိ ရိုးရာအကများဖြင့် ကပြဖျော်ဖြေနေသူများရှိသလို ဒေါင်းငှက်လို ပရိသတ်အလယ်မှာ အရှက်မဲ့ မပြသင့်တာကို ပြပြီး ကနေကြတဲ့သူတွေကိုလည်း တွေ့ရပါတယ်။
ဒေါင်းငှက်ဟာ ကိုယ့်ကိုယ်ကို တန်ဖိုးမဲ့အောင်လုပ်သလို အချို့သူများဟာ ကိုယ့်ကိုယ်ကို တန်ဖိုးမဲ့အောင် လုပ်ယူနေကြတယ်။

ကိုယ့်လွတ်လပ်ခွင့်နဲ့ကို ပြတာပဲ ဘာဖြစ်လဲမေးစရာရှိပါတယ်။ အရှက်ကင်းမဲ့တဲ့ လွတ်လပ်မှုမျိုးကို ဘယ်သူမှ အထင်မကြီးသလို အားလုံးက အပေါစားထင်တာပေါ့။ ကိုယ့်ကိုယ်ကို ဒေါင်းငှက်ဖြစ်မှန်းမသိ ဖြစ်သွားတော့တာပါပဲ။
ကိုယ့်ဘ၀ကိုယ့်သိက္ခာကို တန်ဖိုးထားစေချင်တဲ့ ဆန္ဒနဲ့ တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ ခေတ်သစ်လူငယ်များအားလုံး ဒေါင်းလို အရှက်မဲ့ ကပြခြင်းမျိုး ရှောင်ကြည်ပြီး ဟင်္သာလို သိက္ခာရှိတဲ့သူများဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation